I Am Woman!

တနင်္ဂနွေအားရက်မို့ နားထောင်ချင်တဲ့ သီချင်းဟောင်းတွေ ပြန်ရှာနားထောင်ဖြစ်တယ်။ အဲဒီထဲက Helen Reddy ရဲ့ I am Woman ဆိုတဲ့ သီချင်းလေး ဒီမှာ ပြန်ရှယ်ပါရစေ။ ၁၉၇၀နှစ်တွေက ဆိုတော့ သီချင်းကတော့ ဟောင်းနေပါပြီ..။ မဟောင်းသေးတာကတော့ သီချင်းထဲက အကြောင်းအရာတွေပါ။  ကမ္ဘာ့နေရာအသီးအသီးမှာ အမျိုးသမီတွေအပေါ်ဖိနှိပ်မှုတွေ၊ အခွင့်အရေးတွေ နစ်နာဆုံးရှုံးနေဆဲပါ..။ အဲဒီအတွက်လည်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားတတ်ကြွသူတွေတင် မဟုတ်ဘူး..။ အမျိုးသမီးတိုင်းက အသိအမြင်ကျယ်ကျယ်နဲ့ ပါဝင်ဖို့လည်း အရေးကြီးပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ အခြားနိုင်ငံတွေနဲ့ မတူတဲ့ အချက်က ပညာတတ်ပြီး ထက်ထက်မြက်မြက်ရှိတဲ့ အမျိုးသမီးတွေကို သိပ်တန်ဖိုးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညှိုလေးစားကြတဲ့ အချက်မှာကို ဗိုလ်ချုပ်သမီးမို့ ဆိုတာတင် မကပါဘူး ထက်ထက်မြက်မြက်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ချင်း အပေါ်မှာကို လေးစားတန်းဖိုးထားကြတဲ့ အချက်က ထင်ရှားပါတယ်။ အခုတလော ဥဒဟိုလာနေကြတဲ့ နိုင်ငံတကာက  ခေါင်းဆောင်အသီးသီးရဲ့ခရီးစဉ် သတင်းတွေ facebook မှာ ရှယ်ကြပါတယ်။ အဲဒီထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton လာတဲ့ သတင်းကတော့ မြန်မာတွေကြား ပြောမဆုံးတဲ့ သတင်းပါ။ နိုင်ငံကြီးတစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးအဖြစ်တင်မကဘူး ထက်မြက်တဲ့အမျိုးသမီး၊ အမျိုးသမီးခေါင်းဆောင်ဖြစ်တဲ့ အချက်ကို မြန်မာတွေ သိပ်တန်ဖိုးထားလို့ပါ။ သို့သော် ဒီလိုဆိုရဲ့နဲ့ မြန်မာပြည်က အမျိုးသမီးတွေအပေါ်တန်ဖိုးထားမှု အခွင့်အရေးတွေ အပြည့်အ၀ ညီတူမျှတူရှိနေကြပြီလားလို့မေးလာရင်တော့ သွားရအုံးမယ့် ခရီးက အဝေးကြီးပါလို့ ဖြေရမှာပါ။ အုပ်ချုပ်ရေးနယ်ပယ်အဆင့်ဆင့်မှာ အမျိုးသမီးကို တန်းတူနေရာရဖို့ ချီတက်ကြရအုံးမှာ ဖြစ်သလို၊ အိမ်တွေ၊ မိသားစုအလုပ်တွေ မှာလည်း မီဖိုချောင်၊ လျှော်ရေး၊ ဖွတ်ရေးက မိန်းမအလုပ် ဆိုပြီး အိမ်ရှင်မတွေမှာ အပြင်အလုပ်လည်းပြေးရ၊ အိမ်အလုပ်လည်း သိမ်းကြုံးလုပ်ရနဲ့ အချိန်အားမရတော့ပဲ ကိုယ့်ကိုယ်ကို တိုးတတ်အောင် ဗဟုသုတဆည်းပူးပိုင်ခွင့် စတာလေးတွေကအစ မရရှိကြတာ စတဲ့ အရာတွေ အပါအ၀င်၊ အောက်ခြေ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ လယ်ယာလုပ်ငန်းတွေမှာ အလုပ်ချိန်တူ၊ ထည့်ဝင်ရတဲ့ လုပ်အားတူပါလျက်နဲ့ မိန်းမတွေရတဲ့ နေ့တွက်က ယောက်ကျာင်္းတွေရတဲ့ နေတွက်ထက်ကို အများကြီးလျော့ ရနေတာ စတာတွေ အများကြီးတိုးတက်အောင်ရအုံးမှာပါ။ အားနဲ့ မာန်နဲ့ကို ဒီခရီးက ဆက်ကြရအုံးမှာပါ၊ ဒီမိုကရေစီရရုံ၊ တိုင်းပြည်အစိုးရ အပြောင်းအလဲဖြစ်ရုံနဲ့ ချက်ချင်းဒါတွေ ကျွန်မတို့လက်ထဲ ရောက်လာမှာ မဟုတ်ပါဘူး။ ဒီတော့ကာ သီချင်းလေးနားထောင်ရင်း အားတွေလည်းတင်းရင်းပေါ့..။ အသိတွေတိုးပွားအောင်လုပ်ရင်း ရှေ့ဆက်ကြရအောင်ပါ။

Helen Reddy ရဲ့ “I Am Woman” ပါရှင် ဒီတပတ်အတွက်တော့. ။ စကားလုံးတွေက အင်မတန် အားပါပါတယ်။

If I have to I can face anything, 
I am strong (strong).
I am invincible (invincible). 
I am woman. Oh, I am woman. 

You can bend but never break me ’cause it only serves to make me.
More determined to achieve my final goal. And, I come back even stronger. 
Not a novice any longer ’cause you’ve deepened the conviction in my soul. 

I am woman. Watch me grow. See me standing toe to toe. As I spread my lovin’ arms a cross the land. But, I’m still an embryo with a long long way to go until I make my brother understand.

အမျိုးသမီးဖြစ်ရတာ အဆိုးဆုံး ကမ္ဘာ့နိုင်ငံများ စာရင်းမှာ မြန်မာပါဝင်

ပြီးခဲ့တဲ့လကထွက်တဲ့ Foreign Policy မဂ္ဂဇင်းကပြုစုတဲ့ အမျိုးသမီးဖြစ်ရတာ အဆိုးဝါးဆုံးကမ္ဘာ့နိုင်ငံများစာရင်းပါ။  အမျိုးသမီးတွေအတွက် ပညာရေး၊ ကျန်းမာရေးစောင့်လျောက်မှု၊ အခြားလူမှုဘ၀တွေမှာ အကာအကွယ်ပေးမှုစတဲ့ ကဏ္ဍ (၉) မျိုးခွဲပြီး နိုင်ငံတွေကို အဆင့်သတ်မှတ်ဖော်ပြထားတဲ့ အဲဒီစာရင်းမှာ ၀မ်းနည်းဖွယ်ကောင်းတာ ကျွှန်မတို့ နိုင်ငံက ကဏ္ဍ (၉) မျိုးအနက် (၅) မျိုးမှာ အဆိုးဆုံးအဆင့်က ပါတာကို တွေ့ရပါတယ်။

မြန်မာပြည်မှာ အမျိုးသမီးဖြစ်ရတာ အဆိုးဆုံးလို့ သတ်မှတ်ခံရတဲ့ ကဏ္ဍတွေကတော့..

၁။ ပညာရေးမှာ ခွဲခြားမှူပါ (Discrepancy in Education) – ဘာလို့လဲ.. အမျိုးသမီးတွေလည်း လွတ်လပ်စွာ ကျောင်းတတ်ခွင့်ရတာပဲ လို့စောဒက တက်စရာရှိပါတယ်။ ဘာတွေက ခွဲခြားနေလည်း သေချာကြည့်ရအောင်ပါ..။ မြင်သာတဲ့ အချက် လွန်ခဲ့တဲ့ တစ်နှစ်၊ ၂နှစ်လောက်ကအထိ ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်တို့၊ အခြားအသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေရဲ့ ၀င်ခွင့်မှာ အမျိုးသမီးဝင်ခွင့်အမှတ်က အမျိုးသားတွေအတွက် သတ်မှတ်တဲ့ အမှတ်ထက် ပိုမြင့်ပါတယ်။ ဒါဟာ ခွဲခြားမှူပါ။ နယ်ဒေသတွေမှာ မိန်းကလေးဆိုရင် အိမ်အလုပ်သာ လုပ်စေပြီး ပညာဆုံးခန်းမတိုင်ခင် ကျောင်းထွက်ရတာတွေ အများကြီးပါ။ ဘွဲ့ရ အိမ်ထောင်ကျတဲ့ အမျိုးသမီးတွေ ဆိုရင်လည်း အပြင်အလုပ်အပြင် အိမ်အလုပ်တွေမှာလည်း ယောက်ကျားလုပ်သူရဲ့ အကူမရကြတဲ့အတွက် အခြားဗဟုသုတဖြစ်ဖွယ်သင်တန်းတွေနဲ့၊ အသက်မွေးဝမ်းကျောင်းပညာရပ်အတွက် ဘွဲ့လွန်သင်တန်းတွေ တက်ခွင့်နစ်နာဆုံးရှုံးရတာ.. ဒါတွေဟာလည်း မသိမသာ ဆုံးရှုံးနေကြရတဲ့ အခွင့်အရေး ခွဲခြားခံရမှူတွေပါ.. ။ နောက်ထပ်လည်း အများကြီးကျန်ပါသေးတယ်..။ ကျွန်မလက်ရှိရေးနေတဲ့ အချိန်ပေါ်လာသမျှအချက်လေးကိုသာ ရေးပြတာပါ။)

၂။ အုပ်ချုပ်ရေးနယ်ပယ်အဆင့်ဆင့်မှာ အမျိုးသမီးပါဝင်ခွင့် မရှိတဲ့ အချက်ပါ (Governmental Participation By Women) – ဒေါ်အောင်ဆန်းစုကြည်ပါလီမန်မှာ ပါတာပဲ ဆိုရုံနဲ့ အုပ်ချုပ်ရေးနယ်ပယ်မှာ မြန်မာအမျိုးသမီးပါဝင်ခွင့်က မျှတပြီလို့ ပြောလို့ မရပါဘူး။ အောက်ခြေ ကျေးရွာအဆင့်ဆင့်မှာကို အမျိုးသမီးဦးရေက အမျိုးသားဦးရေနဲ့ အချိုးကျ ပါဝင်နိုင်ပါမှ ဒီအချက်က ပြည့်စုံပြီးလို့ ပြောလို့ ရမှာပါ။ အဲဒါနဲ့ ပတ်သတ်ပြီး ကျွန်မ ဟိုတလောက မျှဝေထားတာလေးကိုလည်း ဒီမှာ ဖတ်လို့ရပါတယ်။)

၃။ ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှုပါ (Maternal Mortality) – ယောက်ကျားဖောင်စီး မိန်းမမီးနေလို့ ဆိုကြပါတယ်။ ယောက်ကျားတွေတော့ ဖောင်မစီးကြတော့ပါဘူး။ မိန်းမတွေတော့ မီးနေကြရဆဲ၊ ကိုယ်ဝန်ဆောင်ကြရဆဲပါ။ ကိုယ်ဝန်ဆောင်ရင်း၊ မီးဖွားရင်း မြန်မာပြည်မှာ သေကြရဆဲပါ။ ကိုယ်ဝန်ဆောင်တာက လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး သို့သော် နိုင်ငံတကာမှာ ကျန်းမာရေး စောင့်လျှောက်မှုတွေ ဒီလောက်ခေတ်မှီလာတဲ့ အချိန်မှာတောင် မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်တာ အသက်ကို ခြိမ်းခြောက်ဆဲဖြစ်နေတာ၊ မသေသင့်ပဲ သေသွားကြရတာ အေမတန်မှကို ၀မ်းနည်းဖွယ် အဖြစ်ပါ။ ကျန်းမာရေးစရိတ်စကကြီးလွန်းခြင်း၊ ဆေးရုံးဆေးခန်းအနီးနားမှာ မရှိခြင်း၊ အရည်အချင်း ပြည့်မှီတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ထားမပေးနိုင်ခြင်း၊ လူထုကျန်းမာရေး အသိပညာပြည့်ဝ လာအောင် မလုပ်နိုင်ခြင်း စတာတွေနဲ့ အရွယ်ကောင်းမိခင်၊ သားကောင်းမိခင်တွေ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံး နေတာ အင်မတန်မကို ရင်နာဖို့ ကောင်းပါတယ်။)

၎။ အမျိုးသမီးတွေ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု၊ လုံခြုံမှု ပေးတဲ့ နေရာ အားနည်းတဲ့ အချက်ပါ။

၅။ အမျိုးသမီးငယ်တွေ လူကုန်ကူးမှု ခံရမှုမှာ မြန်မာနိုင်ငံက အဆိုးရွားဆုံး အဆင့်မှာပါ။ မြန်မာနိုင်ငံက အဆိုးဝါးဆုံး အဆင့်လို့ မသတ်မှတ်ခံရတဲ့ ကဏ္ဍ (၄) ခုကတော့..

Continue reading

အမျိုးသမီးတွေ ဖတ်သင့်တဲ့ စာအုပ် ၅၀

ဒီနေ့ BooK Reviews တွေ ဖတ်ရင်းတွေ့မိလို့ Huffington Post က ညွှန်းထားတဲ့ အမျိုးသမီးတွေ ဖတ်သင့်တဲ့ စာအုပ် ၅၀ စာရင်းကို ပြန်လက်ဆင့်ကမ်းပါရစေ (အမျိုးသမီးတွေ ဖတ်သင့်တယ်လို့ ရေးထားပေမယ့် အမျိုးသားများ မဖတ်ရလို့ မပါပါဘူးနော်။)

စာရင်းထဲက ဘယ်နှစ်အုပ်လောက် ဖတ်ပြီးပြီလဲ ရေကြည့်ရင်း မဖတ်ရသေးတဲ့ စာအုပ်တွေဆိုရင်လည်း  ဒီနွေရာသီမှာ ဖတ်စရာရတာပေါ့..။   အခုဖတ်နေတဲ့  Doris Lessing ရဲ့ The Summer Before the Dark ပြီးရင်၊ စာရင်းထဲက Margaret Atwood ရဲ့ The Handmaid’s Tale ဖတ်ဖို့ဝယ်ထားတယ်။ ပြည်တွင်းမှာ နိုင်ငံတကာစာအုပ်တွေ လွယ်လွယ် ၀ယ်လို့ မရတာ၊ နိုင်ငံတကာဝတ္ထုတွေက ရွှေထက်တောင် ရှားပြီး ၀ယ်ရတာခက်တာကို.. မသိဘူးလား ဒီ list ကြီးကို လာရှယ်တယ်ဆိုပြီး မေတ္တာတော့ မပို့တန်ကောင်းလို့ မှတ်တာပဲ..။  နိုင်ငံတကာ စာအုပ်တွေပါ ထားမယ့် စာကြည့်တိုက်တွေ ပေါ်လာပါစေ၊ စာအုပ်တွေ လွတ်လွတ်လပ်လပ်နဲ့ import tax လည်း မပေးရဘဲ သွင်းခွင့်ပေးပြီး အမြတ်နည်းနည်းယူပြီးရောင်းမယ့် စာအုပ် အဟောင်းဆိုင်ကြီးကြီးတွေ ပေါ်လာပါစေ။ စာအုပ်ကောင်းတိုင်းကို ဘာသာပြန်ကြမယ့် ဘာသာပြန်ဆရာတွေ ပိုများလာပါစေ..။

လူတိုင်းခွဲခြားဆက်ဆံခံရမှုက ကင်းဝေးကြပါစေ

ပြီးခဲ့တဲ့တစ်ပတ်က မြန်မာပြည်မှာ ပထမဆုံးအကြိမ် gays parade – လိင်တူချစ်သူများ စုရုံးကြတဲ့ ပွဲလေးလုပ်တယ်လို့ ကြားရတယ်။ လူတစ်ဦးနဲ့ တစ်ဦးခွဲခြားဆက်ဆံမှု ပပျောက်ရေး တန်းတူညီမျှရေးအတွက် ရှေ့တစ်လှမ်းတိုးလာတဲ့ ဖြစ်ထွန်းမှူတစ်ရပ်ပါ..။ Facebook မှာတွေ့တဲ့ post လေးတစ်ခု ဝေမျှပါရစေ..။

”Facebook သူငယ်ချင်းတွေထဲမှာကို ”ငါတို့ ဗုဒ္ဓဘာသာမှာ မရှိဘူးတို့၊ ငါ့တို့ ယဉ်ကျေးမှုမှာ မရှိဘူးတို့..” ဆိုပြီး LGBT (Gays, Lesbians, Bisexuals, Transgender) တွေကို ကိုယ်နဲ့ မတူတာနဲ့ ဝေဖန်နေကြတာ၊ လူအဖြစ်တောင်လေးစားမှုပျောက်ပြီး ပြောဆိုနေကြတာ မကြာမကြာ တွေ့လို့..။ သူများကို မဝေဖန်ခင် ကိုယ်ကိုယ်တိုင်ကကော နေ့တဓူက ဘုရားဟောအဆုံးအမတွေ၊ ကိုယ်ယဉ်ကျေးမှုဆိုတဲ့ အရာတွေနဲ့.. ဘယ်လောက်တောင် ကိုက်ညီအောင်နေထိုင်နိုင်ရဲ့ လားဆိုတာ ဆန်းစစ်ဖို့ မေ့နေကြပုံပေါ်တယ်..။ ဘုရားအဆုံးအမထဲမှာ ပါတာ၊ မပါတာ၊ ယဉ်ကျေးမှုမှာရှိတာ မရှိတာဆိုတာတွေ ခဏထားပါအုံး။ ပြောမယ်ဆိုရင် ဝေဖန်တဲ့ သူတွေလုပ်ကြတဲ့ ဆေးလိပ်သောက်တာတို့၊ အရက်သောက်တာ၊ ဘောင်းဘီ၊ စကပ်ဝတ်တာ စတဲ့အရာတွေလည်း ငါတို့ ဗုဒ္ဓဘာသာမှာ မရှိဘူး၊ ငါ့တို့ ယဉ်ကျေးမှုမှာ မရှိဘူးဘဲ.. ၊ ကိုယ်ကိုယ်တိုင်ကြိုက်လို့၊ ကိုယ်ကြိုက်တာလုပ်တာ။ LGBT ဖြစ်တဲ့ သူတွေလည်း ဒီသဘောပဲ၊ ကိုယ်ကြိုက်လို့ ကိုယ်ပျော်ရွင်စွာနေထိုင်နိုင်မယ့် ရွေးချယ်မှုတစ်ခုလုပ်ကြတာ။ ဗုဒ္ဓဘာသာမှာရော၊ မြန်မာ့ယဉ်ကျေးမှူစစ်စစ် မှာ ရော တကယ်တမ်း မရှိတဲ့အရာက လူ့တစ်ဦးတစ်ယောက်ရဲ့ ပျော်ရွင်မှု၊ လွတ်လပ်စွာကိုယ်ကြိုက်တဲ့ လူမှုနေထိုင်မှုဘ၀ကို ရွေးချယ်ပိုင်ခွင့်ကို ဟန့်ထားတဲ့ အယူအဆမျိုးတွေပါ။ အခြားဘယ်ဘာသာမှလည်း ရှိလိမ့်မယ် မထင်ပါဘူး။ ရှိခဲ့တယ် ဆိုခဲ့ရင်လည်း.. ပြောင်းလဲလာတဲံ့ခေတ်စနစ်နဲ့ မကိုက်ညီတော့တာဖြစ်တဲ့အတွက် လူတစ်ဦးကနေ တစ်ဦးရဲ့.. ပျော်ရွင်မှု၊ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ဖိနှိပ်အနိုင်ကျင့်ကန့်သတ်နေတဲ့ အတွေးအခေါ်၊ ၀ါဒအဆွဲတွေရဲ့ မှိုင်းတိုက်ခံလာရတဲ့ ဘ၀ကနေလွတ်အောင် အမြင်ကျယ်ကျယ်နဲ့.. ကိုယ်ပိုင်ဆန်းစစ်နိုင်တဲ့ အရည်အချင်းမျိုးတွေ ထွန်းကားလာအောင်လုပ်ချိန်တန်ပြီ။” ထပ်ဖြည့်ရရင်.. ဗုဒ္ဒ ဟောခဲ့တဲ့ အခြေခံတရားက.. non-attachment ပါ..။ ဆန့်ကျင်ဖက်လိင်ချင်းတော့.. ယူကြ – သံယောဇဉ်၊  (attachment) လုပ်ကြ။ လိင်တူချင်းတော့.. မယူကြနဲ့ attachment မလုပ်ကြနဲ့.. ဆိုပြီး ခွဲခြားပြီး ဟောပြောခဲ့တာ မရှိပါဘူးလို့.. ပြောရင်း ခွဲခြားဆက်ဆံမှုပပျောက်ရေးအတွက် ပိုစ့်တစ်ခုအနေနဲ့ ပြန်ဖြန့်ဝေ ပါရစေ။

တကျော့ပြန် ၁၉၇၀နှစ်များရဲ့ ဖက်ရှင်

ဒီသတင်းပတ်ကုန်ကတော့ မိုးလည်း နေ့စဉ် ရွာနေတာနဲ့ အပြင် မသွားဖြစ်ပါဘူး။ ယောဂလေးလုပ်၊ စာလေးဖတ်၊  အွန်လိုင်း သတင်းစာတွေမှာ ကျန်တဲ့ရက်တွေက မဖတ်အားသေးလို့ Bookmark လုပ်ထားတဲ့ ဆောင်းပါးရှည်တို့၊ စာအုပ်အညွန်းတွေ ဖတ်လိုက်နဲ့ပဲ အချိန်ကုန်ပါတယ်။ ဒါနဲ့ နယူးယောခ့်တိုင်းရဲ့ ဖက်ရှင် စာမျက်နှာပါမကျန် ရောက်ပါတယ်။ ဒီတော့ကာ ဖတ်ထားတဲ့ ဖက်ရှင် အကြောင်းလေး ဝေမျှချင်ပါတယ်။ ဖက်ရှင်ဒီဇိုင်းနာတို့၊ အ၀တ်အစား အသုံး အဆောင်ပစ္စည်း ဆိုရင် ကြိုက်တဲ့တံဆိပ် ကြိုက်တာသာရွတ်ပါ စံပယ်နီတို့ သိပါ ဆိုတဲ့ အကြောင်းတော့ ကြိုဝင်ခံပါရစေ။ အလှအပ စိတ်မ၀င်စားလို့တော့ မဟုတ်ပါဘူးရှင် ဖက်ရှင်ရေစီးလိုက်ဖို့ဆိုတာထက် ကိုယ်နဲ့ လိုက်ဖက်ပြီး၊ သွားလာနေထိုင်ရမယ့် ပတ်ဝန်းကျင်နဲ့ သင့်တင့်လျောက်ပတ်တဲ့ ကြာကြာလည်း ခံမယ့် အ၀တ်အစားမျိုး၊ ပစ္စည်းမျိုးကိုသာ စိတ်ဝင်စားတော့ အမြဲပြောင်းနေတဲ့ ဖက်ရှင်နဲ့ ကုန်ကျစရိတ်များတဲ့ ဒီဇိုင်နာပစ္စည်းဆိုတာတွေကို ကျွန်မတို့အကျွမ်းတ၀င်မရှိလှလို့ပါ။

ဆာင်းပါးက ပြီးခဲ့တဲ့အပတ်က လာမယ့် ဆောင်းဦးရာသီအတွက် အသစ်ထွက်တဲ့ ဖက်ရှင်တွေပြသတဲ့ နယူးယောက်ခ်က ဖက်ရှင်ပြပွဲ အကြောင်းပါ။ အသစ်ထွက်တဲ့ ဖက်ရှင်ဆိုပေမယ့် ၁၉၇၀ ပြည့်နှစ်တွေ ဆီက ဖက်ရှင်တွေ တစ်ကျော့ပြန် ခေတ်စားလာနေတဲ့ အကြောင်းပါ။ တမူထူးခြားပြီး ဖက်ရှင်ခေတ် တစ်ခုကို ထူထောင်နိုင်ခဲ့တဲ့  အဲဒီအချိန်ကာလက ခေတ်နဲ့ စံနစ်ကို ထင်ဟပ်နေတဲ့ ၁၉၇၀ ဖက်ရှင်တွေ အကြောင်း ပြန်ပြောင်းထည့်သွင်းရေးသားထားပါတယ်။

အားလုံးသိကြတဲ့ အတိုင်း ၁၉၇၀နှစ်တွေ ဆိုတာက အမေရိကန်နိုင်ငံနဲ့ အခြားဥရောပနိုင်ငံတွေမှာ အစပြုတဲ့ အမျိုးသမီးတန်းတူရရှိရေး (feminism) လုပ်ရှားမှု့တွေမှာ အရေးပါတဲ့ ပြောင်းလဲဖြစ်ထွန်းမှု တွေ စတင်မြင်တွေ့ရတဲ့ ဆယ်စုနှစ်တစ်ခုပါ။ ယခင် ဆယ်စုနှစ်တွေက Feminism ရဲ့ First Wave လို့ခေါ်တဲ့ အမျိုးသမီးတွေ မဲပေးခွင့်ရရေး၊မြေရာပိုင်ဆိုင်ခွင့်ရရေးစတဲ့  ဥပဒေပိုင်း ပြောင်းလဲမှုအတွက် လှုပ်ရှားမှုတွေအပြီးမှာ၊ တစ်ဆင့်တိုးပြီး အလုပ်အကိုင်အခွင့်အလန်းတွေတန်းတူ ရရှိရေး၊ မိသားစုမှာ အမျိုးသမီးအခန်းကဏ္ဍ တန်းတူဖြစ်ရေး၊ အမျိုးသမီးတွေရဲ့ အမျိုးသားများနဲ့တန်းတူ လှုပ်ရှား ရပ်တည်ခွင့်နဲ့ ကိုယ်ပိုင်လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေကို တဖက်သတ်ကန့်သတ်တဲ့ ဓလေ့ ထုံးတန်းစဉ်လာတွေကို ကျော်လွှားနိုင်ရေးစတဲ့ ကြိုးစားမှုတွေဖြစ်တဲ့  Feminism – Second Wave ကိုတော့ ၁၉၆၀ နှစ်တွေမှာ စပါတယ်။ အဲဒီရဲ့ အသီးအပွင့်တွေ ၁၉၇၀ ခုနှစ်တွေမှာ စတင်မြင်တွေ့ ရပါတယ်။ စစ်အေး (cold war)ကာလ အမေရိကန်နိုင်ငံကလည်း ကွန်မြူနစ်ဝါဒ ခြေမှုန်းရေး ဗီယက်နမ်မှာ စစ်မျက်နှာဖွင့်နေချိန်ဖြစ်တော့ အမျိုးသမီးအခွင့်အရေးအတွက်တင် မဟုတ်ပါဘူး၊ ငြိမ်းချမ်းရေးအတွက်ပါ အမျိုးသမီးတွေ၊ အမျိုးသားတွေနဲ့ အတူ လှုပ်ရှားတဲ့ အချိန်ပါ။ အဲဒီကာလ လူငယ်အများစုက အစွန်းရောက်တယ်လို့ ဆိုကြပေမယ့် တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ လွတ်လပ်ခွင့် တိုက်ပွဲတွေအရမ်းကို အရှိန်ကောင်းတဲ့ အချိန်ပါ။ ၁၉၇၀ နှစ်တွေရဲ့ အမျိုးသမီး ဖက်ရှင်မှာ ဒီရဲ့ ဖြစ်ထွန်းမှုတွေ ထင်ဟပ်တာတွေ့ရပါတယ်။

အဲဒီအရင်က အမျိုးသမီးဖက်ရှင်ဆိုရင် သမားရိုးကျ မိန်းမဆန်တဲ့ စကတ်၊ ဂါဝန်ဆိုတာမျိုးကနေ ၁၉၇၀ ပြည့်နှစ်တွေမှာ ယောက်ကျား မိန်းမရယ်လို့ ကွဲပြားမှုမျိုး မရှိတဲ့ ဖက်ရှင်တွေ ခေတ်စားတာ တွေ့ရ ပါတယ်။  မိန်းကလေးဖက်ရှင်မှာ ယောက်ကျားလေးပုံစံ ဘောင်းဘီခေါင်းလောင်းပွ အရှည်တွေနဲ့ လည်းစည်းပါတဲ့ ဘလောက်စ် ပုံစံမျိုးတို့၊ ရှပ်အကျီ၊  ကုတ်အကျီတွေနဲ့ တွဲဝတ်တဲ့ ဖက်ရှင်မျိုးတို့၊ စကတ်ဂါဝန်ဆိုလည်း ခပ်တွဲတွဲအရှည်၊ လက်ရှည်နဲ့ သပ်သပ်ရပ်ရပ် ရိုးရှင်းတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ နယူးယောက်ခ်တိုင်းရဲ့ အဲဒီ ဖက်ရှင်ပုံတွေကို အောက်က လင့်မှာ သွားကြည့်နိုင်ပါတယ်။

http://www.nytimes.com/slideshow/2011/08/24/fashion/20110825-seventies.html

၁၉၇၀ နှစ်တွေရဲ့ လူငယ်တွေရဲ့ ငြိမ်းချမ်းရေး၊ တရားမျှတရေး လှုပ်ရှားမှုတွေအားကျသလို၊ အတွေးအခေါ်နဲ့ ငြိမ်းချမ်းရေးဆန္ဒတွေ၊ လွတ်လပ်ခွင့်တွေ အကြောင်း ဖော်ကျုးထားတဲ့ အဲဒီခေတ်ရဲ့ သီချင်းတွေလည်း ကြိုက်ဆိုတော့  အခုတစ်ခါပြန်ပြီး ၁၉၇၀ နှစ်တွေဆီက ဖက်ရှင်တွေ ပြန်ခတ်စား လာတယ်ဆိုတော့ ဖက်ရှင်အကြောင်း နားမလည်တဲ့ စံပယ်နီလည်း ဖက်ရှင်အကြောင်း လက်တို့ ချင်စိတ် ပေါ်လာတာပါ။

၁၉၇၀နှစ်တွေ ဆိုတာ ကျွန်မတို့ ဖေဖေ၊ မေမေတို့၊ ဦးလေး၊ အဒေါ်တွေ အရွယ်ရောက် တဲ့ ခေတ်ကာလလေ။  ပုံစာမှာ ဖော်ပြတဲ့ ဈေးနှုန်းတွေကလည်းကြီးသား ဆိုတော့ အသစ်ဝယ်ဝတ်မယ့်အစား လက်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရဲ့ သရီးအာ (3 Rs – Reduce, Reuse and Recycle) လှုပ်ရှားမှုတွေလည်း အားပေးရာဖြစ်အောင် အသစ်ထက် ကျွန်မကတော့  မေမေနဲ့ အဒေါ်တွေရဲ့ အ၀တ်ဘီရိုပဲ ပြန်ဖွပြီး Recycle ဖက်ရှင်နဲ့  တစ်ကျော့ပြန် ၂၀၁၁ ဖက်ရှင်ရေစီးမှာတော့ ခေတ်ရှေ့ ပြေးပြနိုင်ပြီလို့ တွေးပါတယ်။

အဲဒီအချိန်ကာလက ဖေဖေနဲ့ သူ့တို့ဘော်ဘော်တွေနဲ့ ခေါင်းလောင်း ဘောင်းဘီတွေနဲ့ ရှပ်အကျီလက်ရှည် ကိုယ်ကျပ်ပေမယ့် ကော်လာ ချွန်ချွန်ရှည်ရှည်တွေဝတ် ပဲတွေအပြည့် စတိုင်ထုတ်ထားတဲ့ ဓါတ်ပုံတွေပြန်မြင်လာမိပါတယ်။ ဒီတော့ အမျိုးသားတွေလဲ ၂၀၁၁ – ၂၀၁၂ ဖက်ရှင်မှာ နောက်မကျချင်ရင် အလွယ်လေးဆိုတဲ့အကြောင်း လက်တို့လိုက်ပါတယ်။ 😀

ယောဂ လုပ်ကြရအောင်လား ရှင်..

Yoga (Pic Source: Atomic Ballroom)

ယောဂလုပ်ချင်တယ်…။ ဒါပေမယ့် သင်တန်းတွေ ဈေးကြီးတယ်လို့ ပြောကြတယ်။ ရှေးခေတ်ကာလ အိန္ဒိယက အစပြုတဲ့ စိတ်ရော၊ ကိုယ်ခန္ဒာပါ ကြံ့ခိုင်စေတဲ့ ယောဂကျင့်စဉ်တွေဟာ ၂၀၀၀ ပြည့်နှစ်တွေ မှာတော့ ဟောလီးဝုဒ်က မင်းသမီးတွေနဲ့ အခြားကျော်ကြားသူတွေကြားရေပန်းစားတော့ ယူအက်(စ်)မှာ ယောဂသင်တန်းတွေ များတယ်၊ တစ်ချို့သင်တန်းတွေဆို သင်တန်းဈေးလည်း ကြီးပါတယ်။ မြန်မာနိုင်ငံမှာလည်း မင်းသမီးတွေနဲ့၊ မော်ဒယ်အချို့က ဦးစီးပြီး ဟော်တယ်တွေရဲ့ အားစားခန်းမ တွေမှာ သင်တန်းတွေဖွင့်ကြတာ နှစ်တော်တော်တောင်ကြာပါပြီ။ အများစုက ကုန်ကျစရိတ်များပါတယ်။ ကျွန်မတို့ စံပယ်နီတွေကတော့ အခြားကျာ်ကြားတဲ့သူတွေလုပ်လို့ လိုက်လုပ်တာမျိုးထက် ကိုယ်၊ စိတ် နှစ်ပါး ကျန်းမာဖို့ စာဖတ်သူတွေကို ယောဂလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ တီဗွီ၊ ရုပ်ရှင် မင်းသမီးတွေလို အချိန်ပေး ကိုယ်ခန္ဓာလှဖို့ မလုပ်နိုင်သော်ငြား ကျွန်မတို့ ခံယူချက်အတိုင်း ကုန်ကျ စရိတ် နည်းနည်းနဲ့၊ အလုပ်လည်း မပျက်၊ အိမ်ရဲ့တာဝန်တွေလည်း လုပ်ဆောင်ရင်း စိတ်ရော၊  ခန္ဓာကိုယ်ပါ ကြံခိုင်ရေးလည်း ဂရုစိက်စေချင်တယ်။ ဒီအတွက် သင်တန်းဖိုး ကုန်ကျ စရိတ်မရှိဘဲ  အရှည်သဖြင့် ယောဂ လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။ ယောဂဖျာလေး တစ်ချပ်နဲ့ ဖျာလေးတစ်ချပ်သာသာ နေရာလွတ်လေးရှိရင်ကို ယောဂလုပ်လို့ ရပါပြီ။yogadownload.com ကနေ သင်တန်းနည်းပြ မရှိပေမယ့် ပြထားတဲ့ ပုံအတိုင်း တစ်ဆင့်ချင်း လိုက်လို့ရအောင်  ၂၀ မိနစ်စာ ယောဂ ကျင့်စဉ် အဆင့်ဆင့်ကို အခမဲ့ ပေးထားပါတယ်။ ဒီလင့်ခ်ကနေ (သို့မဟုတ်) ဒီပီဒီအဖ်ဖိုင်လေး (CoreYoga1_20min) ကို ဒေါင်းလုပ် လုပ်၊ ပရင့် သုံးလေးစုံ ထုတ်ပြီး ကိုယ် ယောဂ လုပ်နိုင် မယ့် နေရာလေးတွေမှာ ကပ်ထားလိုက်ပါ။ ပြီးရင် တစ်ဆင့်ချင်း လိုက်လုပ်ကြည့်ပါ။ စလုပ်ခါစပဲ အဆင့်တွေ၊ ပုံစံတွေ ကြည့်စရာလိုမှာပါ။ ကျွန်မကတော့ ထိုင်လျက် လုပ်ရတဲ့ ပုံစံတွေဆို တစ်ဆင့်ကို  ကျွန်မ ရတဲ့ အချိန်ပေါ် မူတည်ပြီး ၆ ခါကနေ ၁၂ ကြိမ် ထိ အသက်ရှုသွင်းပြင်းပြင်း  (ရှု+ထုတ် = တစ်ကြိမ်) လုပ်ပါတယ်။ အခြားပုံစံတွေကိုတော့ ၃ ခါ လုပ်ပါတယ်။ လုပ်ရင်း စိတ်လည်းအေးချမ်း၊ မေတ္တာလည်း ပို့လို့ရအောင် အေးအေးချမ်းချမ်း ဂီတတီးလုံးလေးတွေပဲ ဖြစ်ဖြစ်၊ မေတ္တာပို့ သီချင်းလေး ဖြစ်ဖြစ် ဖွင့်ထားရင်း လုပ်ဖြစ်ပါတယ်။ အေရိုးဗစ်ကစားသလို ခုန်ပေါက်နေစရာ မလိုတဲ့အတွက် အထပ်မြင့်နေတဲ့သူတွေအတွက် အဆင်ပြေသလို၊ ဘေးအခန်းမှာနေတဲ့ သူတွေကို အနှောက်အရှက်ဖြစ်မှာလည်း ပူစရာ မလိုပါဘူး။ နေရာမရှိ၊ အချိန်လုံးဝ မရှိရင် တောင် အိပ်ရာထ ရေမချိုးခင်လေး ရေချိုးခန်းထဲ သို့မဟုတ် ဟင်းထမင်းလေးနွှေးရင်း ငါးမိနစ်တန် သည်၊ ဆယ်မိန်စတန်သည် လုပ်လို့ရပါတယ်၊ ဒါမှမဟုတ် ညနေဖက် ရေမချိုးခင် တီဗွီလေးရှေ့ ထိုင်ရင်း ပုံစံအကုန်လုံး မဟုတ်တောင် အချို့ ကျင့်စဉ်အနေအထားတွေကို လုပ်နိုင်ပါတယ်။

(စံပယ်နီတွေရဲ့ ယောဂနဲ့ အခြားကိုယ်၊ လက် လေ့ကျင်းခန်းတွေလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်၊ စိတ်၂ ပါးလုံး ကျန်းမာကြံခိုင်ပြီး၊ နေ့စဉ်တွေးတော၊ ကြံစည်လုပ်ကိုင်ရတဲ့ လုပ်ငန်းဆောင်တာတွေကို ပေါ့ပေါ့ ပါးပါး လုပ်ကိုင်နိုင်ရေးအတွက်သာ ဖြစ်ပါတယ်။ ပုရိသတို့ကို ဆွဲဆောင်နိုင်ရေး sex symbol ဖြစ်ဖို့ ကိုယ်ကာယလှအောင်လုပ်ကြ၊ ရလာတဲ့ ခန္ဓာကို ဥတုသုံးပါးနဲ့ မလျော်ညီစွာ ၀တ်ဆင်ပြသဖို့လုပ် ဆောင်တဲ့ ရည်ရွယ်ချက်မျိုးကတော့ ရေရှည်အတွက် မှန်ကန်သင့်တော်တဲ့ ခံယူချက်မျိုး မဟုတ်တဲ့ အတွက် စံပယ်နီတို့ အားမပေးလိုပါကြောင်းပါ ရှင့်။ သို့ပေမယ့် လူတိုင်းတစ်ဦးချင်းစီရဲ့ အတူကွဲပြား ရပ်တည်မှုနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားတဲ့အတွက် တစ်ဦးချင်းစီရဲ့ကိုယ်ပိုင် ဆန္ဒနဲ့ နေထိုင်မှု အပေါ် ဝေဖန်မှုမျိုးလုပ်မှာ မဟုတ်သလို၊ ထိုသို့ဝေဖန်မှုမျိုးကိုလည်း ရှုံချကြောင်းကို စကားလက်စ အဖြစ် ပြောကြားပါရစေ။)

ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး ၁၀၀

ဖို့ဘ်ဇ်မဂ္ဂဇင်းက ယခုနှစ်ရဲ့ ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး ၁၀၀ ထုတ်ပြန်ပါတယ်။

Angela Merkel Pic: Forbes

ဂျာမနီနိုင်ငံရဲ့ ဦးသျှောင် Chancellor နေရာကို ၂၀၀၀ ပြည့်နှစ်ကတည်းက ဆောင်ရွက်နေတဲ့ အန်ဂျလ်လာ မာခဲလ်ဟာ နံပါတ်တစ်ပါ။ ဥရောပနိုင်ငံတွေကြား နိုင်ငံရေးနဲ့ စီးပွားရေးပူပေါင်းမှု၊ ဥရောပငွေကြေး Euro ငွေတန်ဖိုးတည်ငြိမ်ရေးတို့ကို ပံ့ပိုးပေးနိုင်ငံ ဥရောပရဲ့ ယုံမှားစရာမရှိတဲ့ ခေါင်ဆောင်ကောင်းဖြစ်ခြင်းကြောင့် အခုလို နံပါတ်တစ်ရာအတွက်ေ၇ွးချယ်တာပါလို့ ဖော်ပြထားပါတယ်။

ကျွန်မတို့ မြန်မာအမျိုးသမီးထုနဲ့ပိုရင်းနှီး ဒီက စံပယ်နီ အဖွဲ့သားတွေလည်း သဘောကျလှတဲ့ လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်နေတဲ့ ဟယ်လာရီကလင်တန် ဒုတိယနေရာ ရရှိပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အမျိုးသမီးခေါင်းဆောင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီစာရင်းရဲ့ နံပါတ် ၂၆ နေရာမှာ ရှိပါတယ် ရှင်။ ဒါ့အပြင် ပေါ့ပ်အဆိုတော် လေဒီဂါဂါတို့၊ အန်ဂျလီနာဂျိုလီတို့လဲ  ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်းမှာ အပါအ၀င်မို့ စိတ်ဝင်စားစရာပါ။ အဲဒီ ၁၀၀ ဦးလုံးရဲ့ စာရင်းနဲ့ သူတို့ရဲ့ အကြောင်းအကျဉ်းကို ဒီလင့်မှာ သွားကြည့်လို့ရပါတယ်ရှင်။